Thursday, October 17, 2013

SEA Games ပြိုင်ပွဲ ပရိသတ်များ ဒစ်ဂျစ်တယ် လည်ဆွဲကတ် လုပ်ရမည်

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲမှ အားကစားနည်း များကို ကြည့်ရှုမည့် ပရိသတ်များ ဒစ်ဂျစ်တယ် လည်ဆွဲကတ် ပြုလုပ်ရမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးက ပြောကြားသည်။ 

အားကစားပွဲများကို ကြည့်ရှုလိုသူများ အနေနှင့် ယင်းလည်ဆွဲကတ်များ ပြုလုပ်ရန်အတွက် ကျပ် ၂၀၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး၊ ဓာတ်ပုံ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ဖြင့် ယင်းကတ်များကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ လည်ဆွဲကတ် ပြုလုပ်စေခြင်းမှာ လုံခြုံရေး အခြေအနေကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 SEA Games ပြိုင်ပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် ကမ်းခြေတို့တွင် ကျင်းပမည်ဖြစ်ရာ ယင်းကတ်ပြားဖြင့် အာကစားနည်း ၃၂ မျိုးသာ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း၊ ယင်းလည်ဆွဲကတ်ပြားများ ပြုလုပ်ရန်အတွက် နေရာများကို အားကစားဝန်ကြီးဌာနက နိုဝင်ဘာလဆန်းပိုင်းတွင် သတ်မှတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ဒီကတ်ရှိတဲ့သူတွေ ဘယ်နေရာမှာ ရှိတယ်၊ ဘယ်အားကစားပွဲကို ကြည့်နေတယ် ဆိုတာကအစ အကုန်သိနိုင်အောင် ဒစ်ဂျစ်တယ်စနစ်နဲ့ လုပ်ထားတာ” ဟု ၎င်းက ပြောဆိုသည်။

 အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တာဝန်ယူကျင်းပမည် ဖြစ်သောကြောင့် ယင်းပြိုင်ပွဲ လက်မှတ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ရောင်းချမည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားများမှာ ဒေသတွင်းနိုင်ငံများက အိုလံပစ်ကော်မတီ အဖွဲ့ဝင်များ၊ ဒိုင်ဂျူရီများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှုမည် ဖြစ်သောကြောင့် ပရိသတ်အချို့သာ လာရောက် ကြည့်ရှုခွင့်ရမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းမြင့်ဦးက ဖြည့်စွက် ပြောကြားသည်။ 

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် အားကစားနည်း ၃၃ မျိုးအနက် ရန်ကုန်မြို့တွင် အားကစားနည်း ခုနစ်မျိုး၊ မန္တလေးတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ငွေဆောင်တွင် ရွက်လှေပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်ပြီး ကျန်အားကစားနည်း ၂၄ မျိုးကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်ရာ ယင်းပြိုင်ပွဲကျင်းပရန်မှာ ရက်ပေါင်း ၅၆ ရက်သာ ကျန်ရှိတော့သည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။

                                                                                     ခေတ်လူငယ်



0 Comment Box:

Post a Comment


 

Comment Box

Followers