Thursday, October 10, 2013

စိန်စီတဲ့ပတ်စပို့ထက် လုံခြုံမှုရှိတဲ့ပတ်စပို့စာအုပ်ဖြစ်ဖို့လိုသည်


                            
          ဒီနေ့ပြည်တွင်းထုတ်The Voice Weekly   နေ့စဉ်ထုတ်သတင်းစာမှာ ထိုင်းရောက်မြန်မာ အလုပ်သမားတွေကိုင်ဆောင်တဲ့ ယာယီပတ်စပို့ စာအုပ်တွေကို အနီရောင်နိုင်ငံကူးလက်မှတ် အဖြစ်   ပြောင်းလဲထုတ် ပေးမယ်ဆိုတဲ့ သတင်းဖတ်ရ တယ်။ ဒီစာအုပ်ဟာအခြားနိုင်ငံတွေကို ထွက်လို့ ရလောက်တဲ့ပတ်စပို့မဟုတ်ပဲ OnlyThailand (ထိုင်းနိုင်ငံအတွက်) လောက်သာသုံးလို့ရတဲ့ ပတ်စပို့ ဆိုရင်   တော့ မြန်မာအလုပ်သမားတွေ ရင်ခုန်ကြမှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။
         ထိုင်းနိုင်ငံအတွင်းမှာ သန်းချီရှိတဲ့မြန်မာအလုပ်သမားတွေကို  မြန်မာအစိုးရက ၂၀၀၉ ကတည်းက အနီရောင်ယာယီပတ်စပို့လုပ်ပေးခဲ့တာပါ။၂၀၁၂ ခုနှစ်အတွင်းမှာ မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ကုမ္ပဏီ တစ်ခုတို့ပူးပေါင်းပြီး ခရမ်းရောင်ပတ်စပို့ဆိုတာကိုလုပ်တယ်။ ဘန်ကောက်မြန်မာသံရုံးအစည်းဝေးထဲမှာ အလုပ်သမားဒုဝန်ကြီးက ဘတ်၅၀၀ထက်ပိုယူရင် ထောင်ချပစ်မယ်လို့ပြောခဲ့ပေမယ့် စခန်း၁၁ ခုမှာပတ်စပို့ တစ်အုပ် ကိုဘတ် ၈၅၀နဲ့ရောင်းချခဲ့ကြတယ်။

MOUစာအုပ်တွေအတွက် အလုပ်သမားတွေ ကိုယ်တိုင်လက်မှတ် ထိုးစရာမလိုပဲ သိန်းပေါင်းများ စွာပုံနှိပ်ေ ရာင်းချလိုက်ကြတဲ့အတွက် စာအုပ်ထုတ်ရောင်းသူတွေဟာ သန်းပေါင်းကုဋေကြွယ်သွားကြပြီဖြစ် တယ်။

                          “ဘာ့ကြောင့်အလုပ်သမားတွေကို ပတ်စပို့ထုတ်ပေးကြသလဲ”
            ထိုင်းအစိုးရကတော့ ပတ်စပို့လုပ်ပေးလိုက်တဲ့အတွက် သန်းချီရှိတဲ့မြန်မာအလုပ်သမားတွေဆီက ဘီလီယံပေါင်းများစွာသော ငွေတွေပြန်ရချင်လို့လုပ်တာဖြစ်တယ်။ မြန်မာအစိုးရကတော့ တရားဝင် အလုပ် သမားတွေ ဥပဒေဘောင်အထဲက အခွင့်အရေးတွေရစေချင်လို့လုပ်ပေးတာဖြစ်တယ်လို့ ယေဘုယျ ပြော ပြီး တော့ ပတ်စပို့ထုတ်ပေးတယ်။ တကယ့်လက်တွေ့မှာ ထိုသို့မဟုတ်။   အကျိုးအမြတ်တွေကြောင့်လုပ် ပေးနေ ကြခြင်းသာဖြစ်တယ်။ သံရုံးနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ဘယ်လိုပေးရတယ်။ ဘယ်လောက်ပေးရတယ်ဆိုတာ ပတ်စပို့လုပ်တဲ့ ကြားခံကုမ္ပဏီ တစ်ခုခုကိုမေးကြည့် ရင်သိနိုင်ပါတယ်။ အကျိုးအမြတ်ယူပါ။ အလုပ်သမားတွေအတွက် ကုန်ရကျိုးနပ်တဲ့ ပတ်စပို့ဖြစ်အောင်ေ တာ့ တာဝန်ယူပါ။

                  စာအုပ်အရောင်းပြောင်းလဲခြင်းက အဓိကလား၊ လုံခြုံမှုကအဓိကလား”
            ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် အကယ်ဒမီ မော့စ် နဲ့ အငြိမ့် မင်းသမီး သန္တာလင်း တို့ စိတ်ပညာရံပုံငွေပွဲ အတွက် အငြိမ့်ဖျော်ဖြေရေးတစ်ခုမှာ ပျက်လုံးတစ်ခုပျက်သွား တာ   မြန်မာပရိတ်သတ်တွေအားလုံးမှတ်မိကြမယ်ထင်ပါတယ်။ အဲဒါကတော့ “ခြေလက်မပါပေမယ့် အဓိက က အဓိကပါပဲ”ဆိုတဲ့ ပျက်လုံးပါ။ စာအုပ်အရောင်ပြောင်းခြင်းက အဓိကမကျပါ။ စာအုပ်အဆင့်အတန်းကသာ  အဓိကကျပါတယ်။ အမေရိကန်နိုင်ငံသားတစ်ယောက်စာအုပ်(သို့မဟုတ်) အခြားနိုင်ငံခြားစာအုပ်တစ်အုပ် ကို ထိုင်းပုလိပ်တွေ စစ်ဆေးရဲသလား။ အနီရောင်မြန်မာပတ်စပို့ ကမ္ဘာ့လေဆိပ်တွေမှာ မျက်နှာငယ် နေရ ဆဲပါ။
           
           ထိုင်းလူမျိုးနဲ့ထိုင်းအားဏာပိုင်တွေရဲ့စိတ်ထဲ မှာ မြန်မာ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံ အကျိုး စီးပွားတွေကို လာရော က် အလုပ်လုပ်နေကြတဲ့ လုပ်သားကောင်းတွေဖြစ်ကြတယ်။ ထိုင်းနိုင်ငံသားတွေ မလုပ် ချင်တော့တဲ့…အန္တရာယ်ရှိ၊ ညစ်ပတ်၊ ပင်ပန်းတဲ့ အလုပ်တွေကို လုပ်နေကြရတဲ့ အလုပ်သမားလူတန်း စား ပါလားဆိုတဲ့ စိတ်ထားမျိုး၊ ရှိဖို့လိုအပ်သလို၊ မြန်မာအစိုးရရဲ့   မြန်မာသံရုံးတွေကလည်း နိုင်ငံခြားက ငွေရှာ ပေးနေကြတဲ့ မိမိနိုင်ငံက လုပ်သားကောင်းတွေကို ကာကွယ်စောင့်ရှောက်ရ မယ့်ဆိုတဲ့ အသိစိတ်ရှိတဲ့ မြန်မာ ၀န်ထမ်းမျိုး မရှိသေးသရွေ့  ကာလပတ်လုံး အနီရောင်ပတ်စပို့ မကလို့ ကြိုက်တဲ့အရောင် ကို ပြောင်းလုပ်ဦး၊ ကုန်ကုန်ပြောလိုက်မယ် ပတ်စပို့မှာ စိန်စီ လိုက် အုံးတော့ မြန်မာအလုပ်သမား တွေအတွက်တော့ ထိုင်းနိုင်ငံမှာ လုံခြုံမှုမရှိနိုင်ပါ။
        (ဒီအသိတရားက ထိုင်းလူမျိုးမှာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်သလို တာဝန်သိတဲ့ မြန်မာဝန်ထမ်း   ကောင်းဆိုတာယခုအချိန်မှာ ရှားပါးပစ္စည်းဖြစ်နေပါလိမ့်မယ်)

                            “မြန်မာပတ်စပို့အတွက် တာဝန်ခံမှုတာဝန်ယူမှုမရှိ”
       ဘတ်ငွေ တစ်သောင်းအထက် ကုန်ကျပြီးမှ လုပ်ရတဲ့ပတ်စပို့က ထိုင်းရောက်မြန်မာအလုပ်သမားတွေ အတွက် လုံခြုံရေးအာမခံမှုမရှိတဲ့အပြင် ၀န်ထုတ်ဝန်ပိုးပါဖြစ်နေတယ်။ ထိုင်းအာဏာပိုင်တွေဟာ ပတ်စပို့ ပါတဲ့အလုပ်သမားတစ်ယောက်ကိုတွေ့ရင် အလုပ်လုပ်ခွင့် work permit သွေးစစ်လက်မှတ် သူဌေးစာရွက် စာတမ်းစသည်ဖြင့်  အမျိုးမျိုးသောအထောက်အထားကိုတောင်းပါတယ်။ သူဌေး မတူဘူး၊  ပတ်စပို့လုပ် ထားတဲ့နေရာမတူဘူးဆိုတာတို့အပြင် အမျိုးမျိုးအကြောင်းပြချက်တွေနဲ့ မြန်မာအလုပ်သမားတွေဆီက ပိုက်ဆံ တောင်းပါတယ်။ ပိုက်ဆံရမှ ပြန်လွှတ်ပါတယ်။ ပိုက်ဆံမရရင် ပတ်စပို့ကိုဖျက်ဆီးလိုက်ပြီး နယ်စပ် ကို ပြန်ပို့ လိုက်ပါတယ်။ 
         မြန်မာအစိုးရဘက်ကလည်း အထူးသဖြင့် ဘန်ကောက်မြန်မာသံရုံးက အဲသလို မတရား လုပ်နေတဲ့ ထိုင်းပုလိပ်တွေကို နေ့တဓူဝ မဖြေ ရှင်းပေးနိုင်သရွေ့(သို့) ထိုင်းအစိုးရက ပတ်စပို့ ကိုင်ထားတဲ့ အလုပ်သမားတွေကို မလိုလားတဲ့ စစ်ဆေးမှုမျိုး မလုပ်ရဘူးဆိုတဲ့ တိကျတဲ့အမိန့်အာ ဏာ မပေးထားသရွေ့ ထိုင်းပုလိပ်က ညစ်ပတ်နေ အုံးမှာဖြစ်တယ်။ ပတ်စပို့ရှိလျှက်နဲ့ ကားပေါ်ခေါ်တင် သွားပြီး အဓမ္မပြုကျင့် ခံလာခဲ့ရတဲ့ မြန်မာအလုပ် သမရှိတယ်။  ထိုင်းပုလိပ် ပတ်စပို့ကို မီးရှို့လိုက်တာရှိတယ်။
        ပတ်စပို့စာအုပ်အတွက် အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကတော့ ပတ်စပို့ လုပ်ထားတဲ့ အလုပ်သမတွေမှာ ရက်ပေါင်း ၉၀ တစ်ကြိမ် တံဆိပ်တုံးထုရတဲ့ဒုက္ခ၊ စာအုပ်သက်တမ်းတိုးရတဲ့ကိစ္စ၊ work permit ကိစ္စရပ်တွေ အကုန်လုံးဟာ ပွဲစားတွေ ကိုကြားခံ ဆောင်ရွက်ရတာမို့ အမျိုးမျိုးသော ခေါင်းပုံဖြတ် မှု တွေကိုခံနေကြရဆဲဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကပတ်စပို့ကိုသိမ်းထားတာ။ ပွဲစားက စာအုပ်ကိုသိမ်း ထား ပြီးငွေညှစ်နေတာတွေရှိတယ်။ ပတ်စပို့လုပ်လိုက်ရတဲ့အတွက် အလုပ်သမားတွေရဲ့ငွေတွေအများကြီး ကုန် ကျသွားခဲ့ရတယ်။ ပတ်စပို့ကိုသိမ်းထားရင် နွားနဖါးကြိုးထိုးသလိုမြန်မာတွေရုန်းမရဖြစ်ကြရချာတယ်။
             ပတ်စပို့စာအုပ်တစ်ခုတည်းနဲ့ ခရီးသွားလာခွင့်မရရှိပါ။  မဲဆောက်ဘက်ကိုသွားရင်ဖြစ်ဖြစ် ဗမာပြည်နေရပ်ကိုပြန်ရင်ပဲဖြစ်ဖြစ်၊ လမ်းမှာရှိသမျှ ဂိတ်တွေမှာ ပိုက်ဆံပေးကြရပါတယ်။ ဒီလိုကောက်စား   နေတာကို ထိုင်းနဲ့မြန်မာအစိုးရတို့ ခုထိ ဘာမှမပြောကြသေးပါ။ ပတ်စပို့လုပ်တာ အလုပ်သမားတွေ အတွက် အကျိုးရှိသလား မရှိဘူးလားလို့ မြန်မာအလုပ်သမားတိုင်းကိုမေးကြည့်ပါ။ မိဘပေးစားလို့သာ လင် ယူ လိုက်ရတယ်။ နင်တို့ချစ်တယ်ဆိုတာ ကလေးမွေးဖို့ကိစ္စပဲလားလို့ ဖြေကြပါလိမ့်မယ်။

“မြန်မာအလုပ်သမားတွေအတွက်ဘာလုပ်ကြမလဲ”
             ထိုင်းကိုရောက်နေတဲ့ သန်းပေါင်းများစွာသော မြန်မာအလုပ်သမားတွေအတွက် ဘာလုပ်ရင် ကောင်းမလဲ ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ ဘယ်သူတွေနဲ့လုပ်ရင်ကောင်းမလဲ။ ထိုင်းအစိုးရကို ဘာတွေ တောင်းဆိုနိုင်မလဲဆိုတဲ့ အသိစိတ်ဓါတ်မျိုးရှိတဲ့ မြန်မာအရာရှိ  အယင်ဆုံးလိုအပ်ပါမယ်။ သမ္မတဦးသိန်းစိန် မောင်းနှင်နေတဲ့ အစိုးရယန္တာရားထဲမှာ၊ ဒီလိုလူမျိုးရှိသလား။ ခိုင်းမှလုပ်တဲ့ ယန္တရားမျိုးပဲရှိသေးလား။ လူကြီးစိတ်ကြိုက်ငွေရှာကောင်းတဲ့သူကို လုပ်ချင်ရာလုပ်ခွင့်အပ်ထားတဲ့ စနစ်မျိုး ပဲရှိသေးလား။ (ဥပမာ ဒေသခံအရာရှိကမဟုတ်တာတွေလုပ်နေတယ်။ အဲဒါကို နေပြည်တော်က အရေး ယူဖြေရှင်းမယ့် လူကြီးတွေဆီကို အထောက်အထားနဲ့တင်ပြလိုက်တယ်။ အဲဒီအရာရှိကြီးတွေက တိုင်ကြား ခံရတဲ့အရာရှိကို လှမ်းပြီမေးတယ်) ဆိုတော့ အဖြေမှန်က ဘယ်နည်းနဲ့မှရလာစရာမရှိပါ။
              မြန်မာအစိုးရရဲ့စာရင်းများအရ ထိုင်းနိုင်ငံအတွင်းမှာ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ၁ဒဿမ ၇သန်းကျော်ရှိတယ်။ ဒီစါရင်းမှာMOUနဲ့တင်ပို့တဲ့ပါကင်ထုတ်ပို့တဲ့စာရင်း မပါသေးဘူး။   လေးငါးသန်း လောက် ခန့်မှန်းထားကြတဲ့ စါရင်းနဲ့အများကြီးကွာဟနေသေးတယ်။  ထားလိုက်တော့။ သန်းနဲ့ချီရှိနေတဲ့ ဒီအလုပ်သမားတွေ ထဲက ပေါ်ပေါက်လာမယ့် အမျိုးမျိုးသောပြဿနာတွေကို ဘယ်သူ ရှင်းမလဲ။  ဘယ်လိုရှင်းမလဲ။ ဘာတွေကိုကြို လုပ်ထားကြမလဲ။ ဒီခေတ်ကြီးထဲမှာ ခိုင်းတာလုပ်၊ ခွဲတမ်းယူ၊ ခံမပြောနဲ့၊ အဘကို တင်ပြရအုံးမယ်နဲ့ပဲ ဆက်သွားနေအုံးမှာလား။ စနစ်သစ်ဆီကိုသွားနေပါတယ်ဆိုတဲ့ အစိုးရယန္တရားထဲမှာနိုင်ငံ့တာဝန်ထမ်းတာနဲ့ မိမိအခွင့်အာဏာကိုသုံးပြီး ကိုယ်ကျိုးရှာတာကို ကွဲကွဲပြားပြား သိရှိ တဲ့ဝန်ထမ်း ကောင်းတွေတကယ် ရှိနေပြီလား။ အထက်အရာရှိကိုငွေရှာပေးပြီးပေးမယ်။  အောက်ခြေမှာ လုပ်ချင်တိုင်း လုပ်နေမယ်။  မုန့်ပုံးတွေနဲ့ ဆွဲခြင်းတွေနဲ့ လာကန်တော့ကြဆဲပဲလားလို့မေး ရင် စိတ်ဆိုးကြမလားပဲ။
             လုပ်ရန်(၁) ပတ်စပို့စာအုပ်လုပ်မပေးမီ ထိုင်းအစိုးရလုပ်ပေးခဲ့တဲ့ ပန်းရောင်ဘတ်ကဒ်နဲ့ ပတ်စပို့ စာအုပ်တို့ရဲ့ကွာဟာချက်၊ အာမခံချက်၊ ကုန်ကျတဲ့ငွေ အလုပ်သမားများအတွက် အကျိုးအပြစ်၊ စသည် တို့ကို ထိုင်းနှင့် မြန်မာအစိုးရတို့ အလုပ်သမားတွေရဲ့အသံတွေနဲ့ ယှဉ်ထိုးစဉ်းစားမှုမပြုသေး။
လုပ်ရန်(၂) MOU နဲ့အလုပ်သမားတင်သွင်းခြင်းဟာ အစိုးရ ၂ရပ်တို့ စားပွဲပေါ်က ပေါ်လစီနဲ့၊ ပွဲစားတွေ လုပ် နေတာနဲ့ တရားဝင်လူကုန်ကူးမှုဖြစ်နေတာ၊ အလုပ်သမားတွေအတွက်အခွင့်အရေးရှိ/မရှိ စဉ်းစားမှု မျိုးမရှိ သေးသလို အလုပ်သမားတွေရဲ့အသံကို  မကြားချင်ယောင်ဆောင်ထားဆဲဖြစ်တယ်။
လုပ်ရန်(၃) MOUလူပါကင်ထုတ်တွေဟာ မူလသတ်မှတ်ထားတဲ့အလုပ်ခွင်မှာ စည်းကမ်းလိုက်နာပြီးကြိုး ကြိုးစားစားအလုပ်လုပ်ပြီးတော့ ပတ်စပို့စာအုပ်ဖိုး ဘတ်ငွေ၁၃,၀၀၀ကနေ ၃၀,၀၀၀   လောက်အထိ   ပေးဆပ် လိုက်ရတယ်။ ၂နှစ်လည်းအလုပ်လုပ်ခဲ့တယ်။ စာအုပ်လည်းရရော… အဲဒီစာအုပ်က အဲဒီအလုပ် သမားအတွက် ထိုင်းနိုင်ငံမှာ ဘာမှအသုံးမကျဘူးဆိုတာ အတော်ကိုစိတ်ပျက် ဖို့ကောင်းတဲ့ဖြစ် ရပ်ဖြစ်တယ်။ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စတွေကို အလေးနက်စဉ်းစားသင့်တယ်။ ထိုင်းအစိုးရက ကျနော် တို့ မြန်မာအလုပ် သမားတွေအပေါ်မှာ ချမှတ်ထားတဲ့ ထိန်းချုပ်ရေးပေါ်လစီ ကိုမြန်မာအစိုးရဘက်က လုံးဝဖြေလျှော့နိုင်ခြင်း မရှိတာကိုတွေ့ရတယ်။

လုပ်ရန်(၄) ထိုင်းနိုင်ငံအတွင်းက တရားဝင်မြန်မာအလုပ်သမားအခွင့်အရေးချိုးဖေါက်ခံရရင် ကျနော်တို့ ဆီမှာအကူညီတောင်းခံလို့ရတယ်။ အားလုံးကိုမရှင်းလင်းနိုင်ပေမယ့် တတ်နိုင်သမျှ ရှင်းပေးနေဆဲဖြစ် တယ်။  ကျနော်တို့မှာ ဥပဒေအတိုင်းဆောင်ရွက်ဖို့ ရှေ့နေရှေ့ရပ်အဆင်သင့်ရှိတယ်။ MOU နဲ့လာပြီး အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့အလုပ်သမားတွေ၊  အမှုဖွင့်တိုင်ကြားဖို့ရုံး ထိုင်းမှာလိုအပ်နေတယ်။ MOU ပြဿနာတွေ ကို ဖုံးဖို့ဖိဖို့စဉ်းစားနေကြရုံနဲ့မပြီးဘူး။ အဲဒါအဖြေမဟုတ်ဘူး။  ထိုင်းလူမျိုးတွေဆီမှာ တစ်နေ့တခြားဗမာတွေ ပိုပြီး သိက္ခာကျလာတယ်။ 

“လုပ်ရပ်အမှားတွေကို  စီစစ်အရေးယူမှုမရှိ”
          မကြာမီက တခန်းရပ်သွားခဲ့တဲ့ ပတ်စပို့ လုပ်ငန်းစဉ်အတွင်းမှာ ကော့သောင်း၊ စူရတ်ဌာနီ၊ မဟာချိုင်၊ ဘန်ကောက်နဲ့ မဲဆောက်တို့မှာ ဘင်္ဂါလီ လူမျိုးတွေကို မြန်မာသန်းခေါင်စာရင်းအတုတွေနဲ့ ပတ်စပို့တွေ ထုတ်ပေးခဲ့ကြတယ်။ ဘင်္ဂလားဒေ့ခ်ျက ခုမှရောက်လာပြီး ဗမာစကား တစ်လုံးမှ မတတ်တဲ့ ဘင်္ဂါလီတွေ တောင် မြန်မာပတ်စပို့ ရရှိသွားကြတ ယ်။ မြန်မာလူငယ်တွေ အတော်စိတ်မကောင်းဖြစ်နေကြတယ်။ သံရုံးတံဆိပ်နဲ့ ထိုင်းအလုပ်သမား ၀န်ကြီး ဌာန တံဆိပ်တုံးတွေ ပတ်စပို့လုပ်ပေးတဲ့ စခန်းထဲက ပွဲစားတိုင်း လိုလိုမှာရှိကြတယ်။ ဒါတွေကို တာဝန်သိ မြန်မာအလုပ် သမားေ တွက ဖုန်းကယ်မရာတွေနဲ့ ဗီဒီယိုနဲ့ ဓါတ် ပုံတွေ ရိုက်ပြီးတော့ နေပြည်တော် အထိ တင်ပြကြတယ်။ ကျနော်တို့ဆီကိုလည်းCD ခွေတွေနဲ့ပို့ကြတယ်။
              ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကိုပြောရမယ်ဆိုရင်တော့။ ပြည်ပကိုထွက်ခွာပြီး အလုပ်လုပ်နေကြတဲ့ သန်းချီရှိတဲ့ မြန်မာအလုပ်သမားတွေဟာအလုပ်လုပ်လို့ရတဲ့ငွေတွေကို နေရပ်ရင်းကို ပြည်ပက ငွေရှာပေး
 နေကြတဲ့ နိုင်ငံ့လုပ်သားကောင်းတွေဖြစ်ကြပါတယ်။ ဒီအလုပ်သမားတွေကို အတတ်နိုင်ဆုံး ကာကွယ်ဖို့   စောင့်ရှောက်ဖို့ တာဝန်က မြန်မာအစိုးရမှာတာဝန် ရှိတယ်။ ၂၀၁၃ နှစ်စပိုင်းမှာ သမ္မတ ဦးသိန်းစိန်   ရော   ဒေါ်အောင်ဆန်းစုကြည် ကပါ ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ် စောင့်ရှောက်ကြရမယ်လို့ ပြော ခဲ့ကြတယ်။
            ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်မယ့်သူ ယခုတိုင် မရှိသေးတာ  ကိုကြည့်ရင် သမ္မတ စကားက ထိုင်းမှာ အရာမရောက်ဘူးဆိုတာ သိသာသလို၊ ဒေါ်စုလည်း အာ သွားတာပဲ လို့ အလုပ်သမားတွေကပြောကြတယ်။  နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ ပတ်စပို့စာအုပ် အရော င်ပြောင်း ခြင်းက အလုပ်သမားတွေအတွက်အဓိကမဟုတ်ပဲ ပတ်စပို့စာအုပ်လုပ်ထားတဲ့ အလုပ် သမားတွေ အတွက်  သင့်တော်တဲ့လွတ်လပ်မှုနဲ့ လုံခြုံမှုရှိရေးအတွက်ကသာ အဓိကဖြစ်တယ် လို့ပြောချင်ပါတယ်။
                                                                                   
                                                                                               ကျော်သောင်း
 
                                                                                                  ရွှေလုပ်သား 



0 Comment Box:

Post a Comment


 

Comment Box

Followers