Sunday, November 3, 2013

မန်ချက်စတာ တစ်မြို့လုံးသာယာပြီး လန်ဒန်မြို့ တစ်ခြမ်းမှုန်မှိုင်းသွားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)


 
 
စနေ့ညပွဲတွေမှာ ချဲလ်ဆီးအသင်း ရှုံးပွဲကြုံခဲ့ပေမယ့် မန်ချက်စတာ (၂)သင်းစလုံး ရလဒ်ကောင်းခဲ့ပြီးပွဲကြပ်ကစားခဲ့ရတဲ့ အာဆင်နယ်ကလည်း လီဗာပူးကို (၂)ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ (၅)မှတ်ဖြတ်ပြီး ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ ကစားခဲ့ရတဲ့ မန်ယူဟာ ပွဲချိန်(၉)မိနစ်မှာပဲ ဗလင်စီယာကြောင့် အဖွင့်ဂိုး စရသွားခဲ့ပြီး ပွဲချိန်မိနစ်(၂၀)မှာ ဂျာနူဇက်ရဲ့ ပေးပို့မှုကတစ်ဆင့်ဗန်ပါစီနဲ့ (၂၂)မိနစ်မှာ ဗန်ပါစီရဲ့ ဖန်တီးမှုကတစ်ဆင့် ရွန်နီတို့က အနိုင်ဂိုးတွေ ထပ်သွင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးဟာလည်း အိမ်ကွင်းမှာ နောဝစ်ခ်ျကို (၇)ဂိုးပြတ် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၄)နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ပွဲချိန်(၁၆)မိနစ်မှာပဲ ဂျွန်ဆင်က ကိုယ့်ဂိုးကိုယ် သွင်းယူမိပြီး မိနစ်(၂၀)မှာ ဆေးလ်ဗား၊ (၂၅)မိနစ်မှာ နက်စတာဆစ်၊ (၃၆)မိနစ်မှာ နီဂရီဒိုတို့က ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့တာကြောင့် (၄)ဂိုးပြတ် အနိုင်ရနေခဲ့သလို ဒုတိယပိုင်းမှာ ယာယာတိုရေး၊ အဂူရို၊ ဒီဇီကိုတို့က ဂိုးတွေထပ်သွင်းခဲ့ပြန်တာကြောင့် (၇)ဂိုးပြတ် အနိုင်ရခဲ့တာပါ။

နိုဝင်ဘာလမှာ ရမှတ်တွေ လျော့နည်းလေ့ရှိတဲ့ အာဆင်နယ်ကတော့ လီဗာပူးနဲ့ ကစားရတဲ့ပွဲစဉ်မှာ ခြေစွမ်းပိုင်း အသာရခဲ့ရုံသာမက ပွဲချိန်(၁၉)မိနစ်မှာ ကာဇိုလာက အဖွင့်ဂိုးစသွင်းပေးနိုင်ခဲ့တာကြောင့် ဖိအားလျော့သွားခဲ့ပြီး (၂)ဂိုးပြတ်အနိုင်ရသွားခဲ့တာပါ။ ဆက်ဂညာရဲ့ဖြတ်တင်ဘောကို ကာဇိုလာ ခေါင်းတိုက်ရာမှာ တိုင်ထိပြီး ပြန်ထွက်လာခဲ့ပေမယ့်ကာဇိုလာက ပြန်ပိတ်သွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ အဖွင့်ဂိုးစရခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန်(၅၉)မိနစ်မှာ ရမ်ဆေးက အိုဇဲလ်ရဲ့ ဖန်တီးမှုကတစ်ဆင့် (၂၅)ကိုက်အကွာ ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ရလဒ်များနှင့် ထူးခြားမှတ်တမ်း

နယူးကာဆယ် 2 - 0 ချဲလ်ဆီး

ဖူလ်ဟမ် 1 - 3 မန်ယူ

ဟူးလ်စီးတီး 1 - 0 ဆန်းဒါးလန်း

မန်စီးတီး 7 - 0 နောဝစ်ခ်ျ

စတုတ်စီးတီး 1 - 1 ဆောက်သမ်တန်

ဝက်စ်ဘရွန်း 2 - 0 ခရစ္စတယ်ပဲလေ့စ်

ဝက်စ်ဟမ်း 0 - 0 ဗီလာ

အာဆင်နယ် 2 - 0 လီဗာပူး

**ဟော်လန်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းယူထားနိုင်ခဲ့တဲ့ ဟက်ဆယ်ဘိန့်ရဲ့ (၁၂၇)ဂိုး စံချိန်ကို ဖူလ်ဟမ်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဗန်ပါစီက (၁၂ဂ)ဂိုးဖြင့် ချိုးဖျက်နိုင်ခဲ့။

**ဟူးလ်စီးတီးနဲ့ ပွဲမှာ ကိုယ့်ဂိုးကိုယ့် သွင်းမိခဲ့ပြန်တဲ့ ဆန်းဒါးလန်းဟာ ဒီရာသီတွင် ကိုယ့်ဂိုးကိုယ် သွင်းယူမှု (၃)ကြိမ်ရှိခဲ့ပြီး ကျန်ပရီးမီယားလိဂ် အသင်း(၁၉)သင်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ တူညီနေ။

**နောဝစ်ခ်ျနဲ့ပွဲရဲ့ ပွဲထွက်စာရင်းမှာ ချန်လှပ်ခံရတဲ့ မန်စီးတီးဂိုးသမား ဂျိုးဟတ်မှာ (၁၂၇)ပွဲဆက် ပွဲထွက်ကစားရတဲ့ စံချိန်ရပ်တန့်သွားခဲ့။

** မန်စီးတီးဟာ (၁၉၆၈)ခုနှစ် ဒီဇင်ဘာလမှာ ဘန်လေကို (၇)ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက်ပိုင်း အမှတ်ပေးပြိုင်ပွဲမှာ ပထမဆုံးအကြိမ် (၇)ဂိုးပြတ် နိုင်ပွဲပြန်ရခြင်းဖြစ်လာခဲ့။

**ဆောက်သမ်တန်ဘက်ကို ပွဲချိန်(၁၂)စက္ကန့်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ စတုတ်စီးတီး ဂိုးသမား ဘီဂိုဗစ်ဟာ (ရှမိုက်ကယ်၊ ဟောင်းဝပ်၊ ဖရီဒယ်၊ ရော်ဘင်ဆင်တို့ပြီးနောက်) ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းဖူးတဲ့ (၅)ဦးမြောက် ဂိုးသမားဖြစ်လာ။

** အာဆင်နယ်ဟာ ဒီရာသီမှာ ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်နေ။

                                                                                       ဇော်ထွန်း(ရိုးရာလေး)
 
 
 

0 Comment Box:

Post a Comment


 

Comment Box

Followers